Toxic Positivity ဆိုတာ
Toxic Positivity ကို ကျွန်တော်တို့နိုင်ငံမှာ သိသူတွေ နည်းနည်းရှားနေဦးမယ်ထင်ပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စိတ်ကျန်းမာရေးအတွက်နဲ့ ဘဝကို အကောင်းဆုံးနေထိုင်နိုင်ဖို့ဆိုပြီး အကောင်းမြင်စိတ်ကို မွေးတတ်ကြသလို မွေးတတ်နိုင်ဖို့လည်း တိုက်တွန်းကြပါတယ်။ အကောင်းမြင်စိတ်တွေ ဖြစ်လာတဲ့အခါ ကောင်းကျိုးအနေနဲ့
- လောကဓံနဲ့ အခက်အခဲတွေကို ကောင်းကောင်းကျော်ဖြတ်နိုင်တယ်
- တစ်နေ့တာကို အားအင်အပြည့်နဲ့ ကိုယ့်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နိုင်စေတယ်
- စိတ်ဖိစီးမှုတွေနည်းပြီး စိတ်ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးတယ်
- ပျော်ရွှင်မှုကို ပိုခံစားရတတ်သလို တခြားသူတွေကိုလည်း ပျော်ရွှင်လာအောင် ကြိုးပမ်းလာမယ်
- ပြဿနာတွေကို အလွယ်တကူဖြေရှင်းတတ်လာပါမယ်
ဒီလိုအပြုသဘောဆောင်တဲ့ အကောင်းမြင်ခြင်းကို Positive Thinking ဒါမှမဟုတ် Optisim လို့ခေါ်ပါတယ်။ တန်ဆေး၊ လွန်ဘေးဆိုတဲ့အတိုင်း ဒီစိတ်ကို လိုတာထက်ပိုပြီး ထားမိလိုက်တဲ့အခါ Toxic Positivity ဆိုတဲ့ အစွန်းရောက်အခြေအနေမျိုး ဖြစ်လာပါတယ်။
Toxic Positivity ဟာ အစွန်းရောက်အကောင်းမြင်ဝါဒီတစ်ခုဖြစ်ပြီး ကိုယ့်ဘဝကို အဆိပ်အတောက်ဖြစ်စေတဲ့ တွေးခေါ်မှု pattern ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ရောက်နေပါစေ၊ အပြုသဘောဆောင်တဲ့ အနေအထားမျိုးမဟုတ်ဘဲ အကောင်းဘက်ကိုပဲ တွေးရမယ်၊ စိတ်ဓာတ်ကျခွင့်မရှိဘူး၊ ဝမ်းနည်းစိတ်၊ စိတ်ဖိစီးမှု၊ စိတ်ညစ်တဲ့ခံစားချက်တွေဟာ ပျော့ညံ့သူတွေမှာပဲ ရှိတတ်တဲ့၊ ကိုယ့်ဆီမှာ လုံးဝမရှိနေသင့်တဲ့ ခံစားချက်တွေလို့ တစ်ယူသန် ယုံကြည်ထားတတ်ပါတယ်။
ဘဝဟာ အမြဲတမ်း အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်တာကြောင့် ကိုယ်မထင်ထားတဲ့ ပြဿနာ၊ အခက်အခဲတွေ ကြုံလာရင် စိတ်ဖိစီး၊ ဝမ်းနည်းတတ်တာ သဘာဝပါပဲ။ Positive Thinking သမားတွေက ဒါကို သဘာဝဆန်တဲ့အခြေအနေအဖြစ် ယူဆပြီး ဝမ်းနည်းစရာရှိတာ ဝမ်းနည်းလိုက်တယ်၊ ပြီးသွားရင်တော့ ကိုယ့်ပြဿနာကို ဖြေရှင်းရင်း ဘဝကို ပျော်ပျော်ပဲ ပြန်နေတယ်။
Toxic Positivity သမားတွေကတော့ ဒီလိုမျိုး ဝမ်းနည်းတယ်ဆိုတဲ့ မကောင်းတဲ့ခံစားချက်မျိုးတွေ မှားယွင်းပြီး သဘာဝမဆန်ဘူး၊ လုံးဝ အဲဒီလိုခံစားလို့မရဘူးဆိုပြီး အစွန်းရောက်စိတ်နဲ့ ခံယူထားသလို ပြဿနာကို ဖြေရှင်းဖို့ထက် မေ့မေ့ပျောက်ပျောက်နေဖို့ကိုပဲ ကြိုးစားတတ်ပါတယ်။ ဒါဟာ ဒီစိတ်အခြေအနေ နှစ်မျိုးရဲ့ အဓိကကွာခြားချက်ပါပဲ။
Toxic Positivity နဲ့ပတ်သက်လို့ နောက်ထပ်ဥပမာတွေ ပေးရမယ်ဆိုရင်
- အဆင်မပြေမှုတွေ ကြုံလာရတဲ့အခါ ဝင်လာတဲ့ မပျော်ရွှင်တဲ့ခံစားချက်တွေအကုန်လုံးကို နှုတ်ပိတ်ရင်း အကောင်းဘက်ကိုပဲ တွေးကြည့်ဖို့ ကိုယ့်ကိုယ်ကို အတင်းဖိအားပေးတာ
- ကိုယ့်ပတ်ဝန်းကျင်ကလူတွေမှာ နာကျင်မှုဝေဒနာကို ခံစားနေရရင် အားပေးနှစ်သိမ့်ဖို့ထက် သူတို့ပါရောပြီး ဒီအရာတွေကို မခံစားချင်တာကြောင့် တခြားသူတွေရဲ့ နာကျင်မှုကို အတင်းမေ့ပျောက်ခိုင်းတာ
- မပျော်မရွှင်ဖြစ်နေသူတွေကို မြင်ရတဲ့အခါ ဒီလူတွေရဲ့ ခံစားချက်တွေ၊ လုပ်ရပ်တွေဟာ မှားယွင်းနေပါတယ်လို့ ကဲ့ရဲ့ရှုံ့ချတာ၊ ကရုဏာသက်မှုတွေ မဝင်လာတာ
- စိတ်မပျော်ရွှင်တဲ့ခံစားချက်တွေကို ကိုယ့်အပေါ် တိုင်ပင်လာတဲ့အခါ စိတ်အားပေးနှစ်သိမ့်မှုမျိုး မပေးဘဲ ဒီခံစားချက်ကို ရင်ထဲမှာပဲ သိမ်းခိုင်းထားတာ စတာတွေပဲ ဖြစ်ပါတယ်။
တကယ်တော့ Toxic Positivity ဆိုတာ ကိုယ့်ဘေးမှာရှိတဲ့သူတွေကိုသာမက ကိုယ့်ကိုယ်ကိုပါ ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ တွေးခေါ်မှုပုံစံတစ်မျိုးပါပဲ။ မကောင်းတဲ့စိတ်ခံစားချက်တွေကို လျစ်လျူရှုရင်း ကောင်းတာတွေကိုပဲ တွေးခိုင်း၊ ခံစားခိုင်းရင်း ကိုယ့်နှလုံးသားကို လျစ်လျူရှုလိုက်မိကြတယ်၊ အဲဒီကနေ စိတ်ခံစားချက်တွေ အနည်ထိုင်လာပြီး ပြဿနာတစ်ခုပေါ်လာတိုင်း ဆတိုးဒုက္ခပေးလို့ စိတ်ဒဏ်ရာဖြစ်လာစေပါတယ်။
အကယ်လို့ ကိုယ်တိုင်မှာဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေ ဒီလို အပြုအမူလုပ်တတ်သူတွေ တွေ့တဲ့အခါ
၁။ ဝမ်းနည်းပူဆွေးခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ဖိစီးမှုတွေကို တစ်ခါတလေ ခံစားရတာက မကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ဝင်လာတတ်တာ သဘာဝပါပဲ။
၂။ မကောင်းတဲ့ခံစားချက်တွေကို လျစ်လျူရှုပစ်စရာ၊ မေ့ပစ်စရာမလိုပါဘူး။ ပြဿနာဖြစ်လာရင် ဒါကို အမြန်ဆုံးဖြေရှင်းပါ။
၃။ ကိုယ့်ကိုယ်ကို ပိုချစ်ပါ၊ တန်ဖိုးထားပါ။ အနီးပတ်ဝန်းကျင်က လူတွေကိုလည်း အရင်ကထက် ပိုဂရုစိုက်ပေးပြီး သူတို့တွေမှာ ပြဿနာတစ်စုံတစ်ခုဖြစ်လာတဲ့အခါ အချိန်မရွေး ကိုယ့်ကို ရင်ဖွင့်တိုင်ပင်လို့ရတဲ့အကြောင်း ပြောပြပါ။
၄။ နားလည်တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဘယ်အကြောင်းအရာတွေကြောင့် ဒီလိုပြဿနာ ခံစားနေရလဲဆိုတာကို အဖြေရှာပါ။
ရဲမျိုးမြတ်